ရိုက်ပုတ်နေတဲ့
လောကဓံ အခက်အခဲတွေကြားမှာ...
အဖေက မိသားစုကို ကာကွယ်ပေးခဲ့တယ်၊
အမေက မိသားစုကို ထိန်းသိမ်းပေးခဲ့တယ်၊
အဖေ မရှိတဲ့ မိသားစုက
အမိုးမရှိတဲ့အိမ်လိုပဲ အဖေ...။
စည်းရိုး မရှိတဲ့ ခြံလိုပေါ့ လုံခြုံမူမရှိတော့
တခြားသူတွေ ကျူးကျော်ထိပါးချင်ကြတယ်၊
သားသမီးတွေကို ရင်အုပ်မကွာထားနေတဲ့
အမေလည်း ပင်ပန်းနေပြီအဖေ...။
အမေ့မျက်ရည်ကြွေနေတိုင်း အဖေ့ကိုပိုပြီးတမ်းတမိတယ်...။
အဖေမရှိတော့ မောင်နှမတွေလည်း
စည်းလုံးဖို့ ခက်ခဲလာသလိုပဲ...၊
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ
နားလည်မူတွေ ဖေးမမူတွေ
ပျက်ကွက်လာပြီ အဖေ...။
ငယ်ငယ်က အဖေဆုံးမခဲ့သလို
စည်းလုံးဖို့ မလွယ်တော့ဘူး ၊
ငွေကြေးနဲ့ ပျော်ရွှင်မူအတွက်
အချင်းချင်း သွေးကွဲနေကြတယ် ၊
အမေငိုရပြန်ပြီ အဖေ...။
နွားကွဲရင် ကျားဆွဲသလိုပေါ့အဖေရယ်
အပြင်လူတွေ သွေးခွဲစကားတွေနဲ့အတူ
မောင်နှမတွေကြားမှာ
မသိမသာနဲ့ စိမ်းသက်လာပြီလေ ။
သစ်တစ်ပင်ကောင်းရင်
ငှက်တစ်သောင်းနားနိုင်တယ်တဲ့
အဖေက သစ်ပင်ကောင်းကြီးဖြစ်ပေးခဲ့ပေမယ့်
အဖေမရှိတော့ အသိုက်ကိုစွန့်သွားဖို့ပြင်နေတဲ့
ငှက်ငယ်တွေ အတောင်ကျိုးကုန်မှာကို
အမေပူပန်နေရတယ် အဖေ...။
တံခွန် မရှိတဲ့ ဘုရား၊ အလံမရှိတဲ့ ရထား၊
လင်မရှိတဲ့ မယားက မတင့်တယ်ဘူးတဲ့ အဖေရယ်...
အမေ့ကို နှိမ့်ချချင်တဲ့သူတွေ ရှိလာတိုင်း
အဖေ့ကို အမေပြန်လိုချင်တယ်တဲ့လေ...။
မိသားစုရဲ့ ခေါင်းဆောင်
အိမ်တစ်အိမ်ရဲ့ အရှင်သခင်
အဖေ မရှိတော့လို့ ပြိုကွဲလုဆဲဆဲမိသားစုကို
အရင်လို ပြန်ဖြစ်စေချင်တယ်...။
အရောင်ကာလာမရှိတဲ့ အဖြူထည်သက်သက်
ကလေးဘဝတုန်းက သာယာတဲ့ မိသားစုအခိုက်အတန့်လေးကို ပြန်လိုချင်မိတယ် အဖေ...။
အခက်အခဲကြားက မိသားစုကမ္ဘာလေးမှာ
အဖေဆိုတဲ့ နေမင်းကြီးကွယ်သွားလို့
မှောင်သွားခဲ့ပေမယ့်
အမေ ဆိုတဲ့ လမင်းကတော့ ထွန်းလင်းနေဆဲ...၊
ဒီမိသားစုလေးကို အရင်လိုပဲ
တန်ဖိုးထားပြီး မြတ်နိုးစေချင်တယ်...
အစ်ကိုတို့ အစ်မတို့ရယ်...။
Post a Comment